"ပန်းကလေး"
ပန်းကလေး
ပန်းကလေးက
ပန်းကလေးဖြစ်ရတာ
သိပ်စိတ်ပါပုံ မပေါ်ဘူး။
သူ့မှာ
ရင်ခုန်စရာ ဂဃနဏမရှိ။
ကွယ်တို့ရယ် . . . မွှေးရုံ လှရုံနဲ့
ပန်းတပွင့်ရဲ့ဝတ္တရား ကုန်မတဲ့လား။
ပန်းကလေးရေ . . .
မင်းစိတ်ကူးလေးနဲ့ ငါ့ကို ပစ်ပါ။
တချက်ပစ်ရင် တကောင်ကျရမယ်လို့
ဆယ့်နှစ်လရာသီလုံးလုံး
ကိုယ့်မှာ
မေတ္တာတရားကို ပြောပြဖို့
ရေ မီး အပြည့်အစုံနဲ့
ခန့်ခန့်ကြီး အကျပ်ရိုက်နေသူ။
ပန်းကလေးရေ . . .
နှလုံးသားထဲက လေယာဉ်ပျံတွေ
အသံပဲ ကြားနေရ အိုဇုန်းလွှာပါးတာကနေ
နောက်ဖေးဝန်းထရံလေး ပျက်နေတာအထိ
အချစ်မရှိရင် ဘယ်အရာမှ
ပြန်ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။
ပန်းကလေးရေ . . .
စောင့်ဆိုင်းမှုတွေ ကြန့်ကြာလွန်း
ဆန္ဒတွေ အိပ်မက်ထဲ ပွင့်ကြ
ကြယ်စုံညရဲ့ ဘူးစင်လေးတစ်စင်အောက်မှာ
အချစ်နဲ့ ကမ္ဘာ
အိုအောင်မင်းအောင် မွှေးလို့။
ပန်းကလေးရေ . . .
ခြေချော်လက်ချော် အလွမ်းလေးတောင်
မင်း မရသင့်ဘူးလား။
ရှေးရေစက်တွေ
ချောကလက်ထဲ ထည့်ပြီး
မင်းအတွက် လက်ဆောင်ပေးချင်တယ်
ကွယ်တို့ရယ် . . . မွှေးရုံ လှရုံနဲ့
ပန်းတစ်ပွင့်ရဲ့ဝတ္တရား ကုန်မတဲ့လား။
ပန်းကလေးရေ . . .
လမ်းထိပ် မုန့်ဟင်းခါးဆိုင်လေးကနေ
နိဗ္ဗာန်အထိ မင်းနဲ့အတူ သွားချင်တယ်။
နေ့တွေ ညတွေ
တစ်ခုပြီး တစ်ခု
အရစ်ပြုန်းသွားလိုက်တာ
ဒီတဆောင်းကုန်လည်း
ကိုယ့်မှာ
ပေါင်မုန့်တလုံးဟောင်းသလို
ဟောင်းရုံသာ၊
ဒါပေမဲ့ သူ့မှာ
ရင်ခုန်စရာ ဂဃနဏမရှိ။
ပန်းကလေးရေ . . .
ပန်းကလေးရဲ့ကောင်းကင်
မြန်မြန် အရွယ်ရောက်စေချင်လှပေါ့
နှင်းကျတာ၊ နေထွက်တာ၊ ပန်းပွင့်တာ
သဘာဝတရားကိုမှ မယုံရင်
မင်းနဲ့ငါ
ဘာကို ယုံမလဲ။ ။
#မောင်သိန်းဇော် #ပန်းကလေး
No comments:
Post a Comment