Friday, 28 February 2020

မာန် - ဒေါင်းနွယ်‌ဆွေ

မာန်

အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ်။

အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ်။

အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ်။

အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ်။

အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ်။

မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဖြာ မြေကမ္ဘာမှာ
သာယာပွင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါဆက်လျှောက်နေဦးမည်။

#ဒေါင်းနွယ်ဆွေ



Thursday, 27 February 2020

- အောင်ခင်မြင့်

ဘယ်ဝဋ်ကြွေးကြောင့်
ရောဂါကို ငါတို့ ဆေးလို့ထင်နေပါလိမ့်။

#အောင်ခင်မြင့်

Tuesday, 25 February 2020

- သျှားငြိမ်းလူ

သုံးပွင့်ဆိုင်မှာ
နှစ်ပွင့်သာ ဝေရမယ်ဆို
ကြွေရမယ့်ပန်းဟာ
ကိုယ်မဖြစ်ပါစေနဲ့။ 
                                    
#သျှားငြိမ်းလူ

မျှော်စင် - ဝင်းမြင့်

မျှော်စင်

လာမယ်ဆိုတော့လည်း ဖွင့်ထားမိတာပဲ
မလာဘူးဆိုတော့လည်း ပိတ်မထားခဲ့ပါဘူး။

#ဝင်းမြင့်

ခင် - မောင်သိန်းဇော်

"ခင်" 
- မောင်သိန်းဇော် (၁၉၈၅)

[ A ]

ကျွန်တော်သည်
ခင့်ကိုအလွန်ချစ်ပါသည်။

[ B ]

ခင်သည် ကျွန်တော့်၏
အဖျားငွေ့ငွေ့လေးဖြစ်ပါသည်။

[ C ]

ခင်ကလွဲလျှင်
မည်သည့်အရာကိုမဆို
ကျွန်တော်ခြိုးခြံ၍ရပါသည်။

[ D ]

ကျွန်တော့်၏စိတ်ပေါ်တွင်
အမာရွတ်ကလေးပေါင်းမြောက်များစွာကို
ခင်သည်လှပစွာစီခြယ်ပေး၏။

[ E ]

တစ်နေ့သ၌
ကျွန်တော်တစ်ယောက်သည်
သစ်ပင်လေးတစ်ပင်အောက်၌ထိုင်နေခဲ့ပါသည်။
ထိုစဉ် ကျွန်တော့်နံဘေးသို့ကပ်လျက်
သစ်ရွက်လေးတစ်ရွက်(ဖြုတ်ခနဲ)ကြွေကျလာသည်။
ထိုအခါ
ကျွန်တော်သည် ပြာပြာသလဲ
ဤနေရာတွင်လူရှိသည်ဟု
ပြောလိုက်မိပါသည်ခင်။

[ F ]

ကျွန်တော်သည်
ခင့်ကိုလွမ်းနေပါ၏။

ခင် ' ဟူ၍
ရင်တုန်လာသဖြင့်
လက်ကလေးနဲ့ဖိထားရပါသည်။

ခင် ' ဟူ၍
ခေါင်းမူးလာသဖြင့်
ငြိမ်ငြိမ်လေး ထိုင်နေရပါသည်။

[ G ]

လွမ်း၏ပုံတူကိုခင်ကြည့်မည်ဆိုလျှင်
ကျွန်တော်အ၀တ်စတစ်ခုပေါ်၌
တိမ်လှလှလေးများကို ရေးပြမည်ဖြစ်ပါသည်။

[ H ]

ကျွန်တော်သည်
ခင်ရှိရာအရပ်သို့
မျက်နှာမူကာ
အသက်ရှူနေ၏။

[ I ]

ကောင်းကင်၌
ငှက်တစ်အုပ်
ပျံသန်းသွားသည်။
ဘယ်ကလာသည်မသိ
ဘယ်ကိုသွားမည်မသိ
ဘာငှက်တွေဟူ၍လည်းမသိ။

[ J ]

ကျွန်တော်သည်
လူမှန်းသိလာ၏။
ထိုငှက်များကိုလည်း
ဗျိုင်းဟူ၍သိလာခဲ့သည်။
သို့သော်
ဗျိုင်းတို့ မည်သည့်အရပ်မှလာ၍
မည်သည့်အရပ်သို့ ပျံသန်းနေကြသည်ကိုမူ
ယခုထက်တိုင်မသိ၊
ထိုမသိမှု၌ပင်လျှင်
ကျွန်တော်သည်
စိတ်၏အတောင်ပံများကို
ဖြန့်လျက်
ခင့်ဆီသို့ ပျံသန်းနေ၏။

[ K ]

(Khin)
သို့မဟုတ်
ခင့်အတွက် ကျွန်တော်၏မွေးနေ့လက်ဆောင်ဖြစ်ပါသည်။
ကျေးဇူးပြု၍အသံထွက်မဖတ်ပါနှင့်။

#မောင်သိန်းဇော်

- ကြည်ဇော်အေး

မနက်အစောကြီး
ကြားနေရတဲ့တရားရွတ်သံမှာ
ငါတရားမရဘဲ
မနက်အစောကြီး
မင်းကို သတိရနေမိတယ်
မင်းဟာ ငါ့တရားပဲ။

#ကြည်ဇော်အေး

(Art By Ko Kyaw Oo)

ပန်းကလေး - မောင်သိန်းဇော်

"ပန်းကလေး" ပန်းကလေး ပန်းကလေးက ပန်းကလေးဖြစ်ရတာ သိပ်စိတ်ပါပုံ မပေါ်ဘူး။ သူ့မှာ ရင်ခုန်စရာ ဂဃနဏမရှိ။ ကွယ်တို့ရယ် . . . မွှေးရုံ လှရုံ...